တနင်္သာရီ ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ (Community Centre) လူထုအခြေပြုဗဟိုဌာနအတွင်း ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန်က အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းအသိပညာပေး ဟောပြောပွဲသို့ တနင်္သာရီမြို့နယ် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိ စက်လှေနှင့် လက်လှော်လှေများဖြင့် အသုံးပြုသွားလာနေသူများ (၆၀)ဦးကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်က အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကြမ်းဘက်ဆိုင်ရာ အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်မှု၊ အားပေးကူညီမှု မပြုလုပ်ကြရန်ကိုလည်းကောင်း၊ ဒုရဲအုပ်နိုင်လင်းအောင်က ဥပဒေဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဇော်မျိုးက ပြည်သူ့စစ်အမှုထမ်းရန် ညွှန်ကြားချက်များနှင့် ဥပဒေများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးပေးကြရာ တက်ရောက်လာသူများက သိလိုသည့် မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)