ကျောက်ဆည်မြို့တွင်  “လူငယ်တွေစဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဆည်   ဖေဖော်ဝါရီ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင်  စာရေးဆရာ အောင်ကိုဦး (UMK)ရေးသားသည့် “လူငယ်တွေစဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြင့်မားစေရေးနှင့် ကျောင်းသား/ကျောင်းသူများ၊ အတွေးအမြင်များ ဖလှယ်နိုင်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုပိုမိုရရှိရေး၊ စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်းဖြင့် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် စာရေးဆရာ အသင်းအတွင်းရေးမှူး ဒေါ်ချိုချို(သီတဂူကျောက်ဆည်)က ကျောင်းသား၊ကျောင်းသူများအနေဖြင့် အသိပညာ၊ အတတ်ပညာများ လေ့လာဆည်းပူးရကြောင်း၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်းရန်လိုကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များနှင့် အောင်မြင်မှု၊  အောင်မြင်လိုပါကအောင်မြင်ရေး  ကျင့်စဉ်များ ကျင့်ကြံ လုပ်ဆောင်ရမည်ဖြစ်ကြောင်း လူငယ်နှင့်ရွေးချယ်မှု၊ ဗီဇနဲ့ပတ်ဝန်းကျင်၊ လူငယ်နှင့်အချိန်၊ လူငယ်နှင့်အခွင့်အလမ်း၊ လူငယ်နှင့်စိန်ခေါ်မှုများ စသည့်အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့်  ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်သုတ၊ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)