မန္တလေး ဖေဖော်ဝါရီ ၂၉
လူငယ်များ အနုပညာကိုချစ်မြတ်နိုးစေရန်၊ ပန်းချီအခြေခံပညာတတ်မြောက်စေရန်၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေများဖတ်ရှု့လေ့လာနိုင်စေရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ အခြေခံပန်းချီပညာသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် (၁၀) နာရီတွင် လူထုအခြေပြုဗဟိုဌာနသင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး Book Club ဥက္ကဋ္ဌ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာချမ်းမြေ့အေးက နွေကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ကျောင်းသူများအတွက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းများ တက်ရောက်ပြီး တတ်ကျွမ်းအောင်ဆည်းပူးလေ့လာသင့်ပါကြောင်း၊ စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုသင့်ပါကြောင်း ဆွေးနွေးပါသည်။
ဆက်လက်ပြီး စာရေးဆရာ ကိုရင်ကျော်က ပန်းချီအခြေခံတွင် ပါဝင်သည့်အချက်များ၊ အရောင်ရွေးချယ်မှုများ၊ အခြေခံပန်းချီစတင်ရေးဆွဲမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး အခြေခံပန်းချီ စတင်ရေးဆွဲခြင်းကို ဆက်လက်ပို့ချပါသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ(၂၈)ရက်မှ မတ်လ(၁)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား/သူ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)