ကော့သောင်းမြို့တွင် (၂၂)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာပြန်စာမေးပွဲစာအောင်ဆုချီးမြှင့်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ကော့သောင်း မတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကော့သောင်းမြို့နယ်လုံးဆိုင်ရာ (၂၂)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာပြန်စာမေးပွဲစာအောင်ဆုချီးမြှင့်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်တော်အေးသာသနာဗိမာန်တော်တွင် ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ကြီးကြပ်‌‌ရေးဆရာတော်ကြီးများ၊ စာ‌‌ထောက်၊ စာမဆရာတော်များ၊ ပုစ္ဆကဆရာတော်၊ စာအောင်သံဃာတော်များနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာပြန်ပွဲဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
‌‌ရှေးဦးစွာ စာအောင်ဆုချီးမြှင့်ခြင်းအခမ်းအနားကို မွန်းလွဲ(၁)နာရီခွဲတွင် ကျင်းပရာ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တရားနာပရိသတ်တို့က ဩကာသကန်တော့ချိုးဖြင့် သံပြိုင်ရွတ်ဆို၍ ကန်တော့ခဲ့ကြပြီး ရွှေပြည်သာ‌ကျောင်းတိုက် ပဓာနနာယကဆရာတော် ဥုးပါ‌မောက္ခထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) ခရိုင်လဝကဦးစီးမှူး ဦးကိုကိုနိုင်က သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားခဲ့သည်။ ထို့နောက် (၃၈)ကြိမ်မြောက် မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပခဲ့သော ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲတွင် ပ၊ဒု၊တရရှိသူများအား တာဝန်ရှိသူများက စာအောင်ဆုနှင့်‌‌ အောင်လက်မှတ်များချီးမြှင့်ခဲ့ပြီးနောက် (၂၂) ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာပြန်စာမေးပွဲကြီးတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာ‌‌အောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့်ဂုဏ်ပြုဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြများနှင့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရွှေပြည်သာ‌ကျောင်းတိုက်ပဓာနနာယကဆရာတော် ဥုးပါ‌မောက္ခမှ ရေစက်ချအနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် ရေ‌စက်သွန်းချအမျှပေးဝေခဲ့ကြကြောင်းနှင့် ညနေ(၃)နာရီတွင် ကြွရောက်လာကြသော ဩဝါဒါစရိယဆရာတော်ကြီးများ၊ ကြီးကြပ်‌‌ရေးဆရာတော်ကြီးများ၊ စာ‌‌ထောက်၊ စာမဆရာတော်များ၊ ပုစ္ဆကဆရာတော်၊ စာအောင်သံဃာတော်များ၊ ရှင်သာမဏေများနှင့်သီလရှင်များအား ဆွမ်းဆန်စိမ်းများ‌ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)