မိုင်းကိုင်မြို့နယ်၌ အခြေခံရှမ်းစာနှင့် ရှမ်းစကားပြောနည်းသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေး

မိုင်းကိုင် မတ် ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အခြေခံ ရှမ်းစာနှင့်ရှမ်းစကား ပြောနည်း သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌  ယမန်နေ့ နေ့လယ်ပိုင်းမှစတင်၍  အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

သင်တန်းအား နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း‌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ရှမ်းတိုင်းရင်းသား ဘာသာစကားနှင့်စာကို ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်စေရန်၊ လူငယ်အချင်းချင်း ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်နန်းလှိုင်လှိုင်ဦးနှင့်  ဝန်ထမ်းများက ဦးဆောင်၍ သင်တန်းကို အခမဲ့လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းသားသမီးများနှင့် စိတ်ဝင်စားသူ လူငယ်လူရွယ်များ  စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး မတ်လ (၄) ရက်နေ့မှ မတ်လ (၃၁) နေ့အထိ သင်တန်းကာလ ရက်သတ္တလေးပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)