မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးစစ်ဆေးပေး

မင်းတပ်  နိုဝင်ဘာ  ၄

မင်းတပ်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေးအတွက် အောက်တိုဘာလ (၁၀)ရက်နေ့မှစ၍ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့်ကျန်းမာရေး စစ်ဆေးပြီး မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက် ဖြတ်သန်းခွင့် ပြုလျက်ရှိသည်။

မင်းတပ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က "မင်းတပ်မြို့နယ်နှင့် မတူပီခရိုင်အတွင်းမှာရှိတဲ့ မြို့တွေမှာနေထိုင်ကြတဲ့ ပြည်သူတွေအတွက် အခြေခံစားသောက်ကုန် တွေနဲ့ အရေးကြီးကုန်စည်တွေ ပြတ်လပ်မှုမရှိစေရန် ကုန်တင်ယာဉ်တွေကို ဝင်ရောက်ဖြတ်သန်းခွင့် ပြုပါတယ်၊ ယနေ့အထိ မင်းတပ်မြို့နယ်ကို ဝင်ရောက်ဖြတ်သန်းမယ့် ကုန်တင်ယာဉ်အစီး (၃၄၀)ကျော်မှာပါတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် (၆၀၀)ဦးကျော်တို့ကို ကျန်းမာရေးစစ်ဆေး ပေးပြီး ဝင်ရောက်ဖြတ်သန်းခွင့် ပြုထားပြီး ဖြစ်ပါတယ်" ဟုပြောကြားသည်။

မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်များအား ဦးဝမ္မသူးမောင်း ပန်းခြံရှိ ကုန်တင်ယာဉ် မောင်းများ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် နံနက်(၇)နာရီခွဲမှ (၁၀)နာရီခွဲအထိ၊ ညနေ (၃)နာရီခွဲမှ (၆)နာရီခွဲအထိ တစ်နေ့လျှင်(၂)ကြိမ် ကျန်းမာရေးစစ်ဆေး ပေးလျက်ရှိသည်။

ဆလိုင်းအောင်(ပြန်/ဆက်)