ချီဖွေမြို့နယ်၌ မြို့နယ်အဆင့်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

 ချီဖွေ  နိုဝင်ဘာလ ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ နိုဝင်ဘာလ(၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ မြို့နယ်အဆင့်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်မင်းက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း မှာကြား ခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇုန်းဘောမ်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေနှင့် အားသာချက်အားနည်းချက်များ ချပြရှင်းလင်းဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းလမ်းညွှန် ချက်များနှင့် အညီပူးပေါင်း လိုက်နာပေးစေ လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည့် ကိစ္စရပ်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးဇုန်းဘောမ်က ပြန်လည်ရှင်းလင်းဖြေကြား၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းနှင့် ချီဖွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မည့် အထွေထွေရွေး ကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စု (၄၀)အုပ်စု၊ မဲရုံပေါင်း (၄၇)ရုံ ရှိပြီး မဲဆန္ဒရှင်ပေါင်း (၁၂၉၆၃)ဦး ရှိကြောင်း သိရသည်။

နန်းမြင့်(ပြန်/ဆက်)