ပြင်ဦးလွင် မတ် ၆
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၂၅) ဦးကို အခမ်းအနားမှူး သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့မှာ တတိယနေ့သို့ ရောက်ရှိနေပြီဖြစ်သည်။
သင်တန်းတတိယနေ့တွင် သင်တန်းသားတစ်ဦးချင်းက အခမ်းအနားမှူးအဖြစ် လက်တွေ့ပြုလုပ်ခြင်းဖြစ်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က အကဲဖြတ်ဆွေးနွေးပေးခဲ့သည်။
ထို့နောက် ပြင်ဦးလွင်မြို့နယ် သတင်းစာဆရာအသင်းဒုတိယဥက္ကဋ္ဌ အစီအစဉ်တင်ဆက်သူ ဒေါ်အေဇင်မေက ပြင်ပအခမ်းအနားများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲအခမ်းအနားများနှင့် မင်္ဂလာအခမ်းအနား ကျင်းပပုံများနှင့် အခမ်းအနားမှူးတစ်ဦးတွင် ရှိထားရမည့် အရည်အချင်းများနှင့် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ပို့ချပေးခဲ့ပြီး သင်တန်းနောက်ဆုံးနေ့တွင် ပြိုင်ပွဲကျင်းပကာ ထူးချွန်သူများကို ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
သွေးသွေး(ခရိုင်ပြန်/ဆက်)