မြိတ်မြို့တွင် အမှိုက်များစွန့်ပစ်ရာ၌ အမှိုက်စို အမှိုက်‌ခြောက် ခွဲခြားစွန့်ပစ်သည့် အလေ့အထများရရှိရေး တွေ့ဆုံဆွေးနွေး

မြိတ် ဖေဖေဝါရီ ၂၅

ခရီးသွားလာမှုများပြီး လူနေထူထပ်သည့် မြိတ်မြို့၌ အမှိုက်များကို စနစ်တကျ အမှိုက်စို အမှိုက်ခြောက် ခွဲခြားစွန့်ပစ်သည့် အလေ့အထများရရှိရေး ရည်ရွယ်ချက်ဖြင့် စားသောက်ဆိုင်များတွင် အမှိုက်စို အမှိုက်ခြောက် ခွဲခြားပစ်ရန် အမှိုက်ပုံးသတ်မှတ်ချက်များ ထားရှိရန် စည်ပင်သာယာရေး ကော်မတီရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီက စည်ပင်သာယာရေးကော်မတီနှင့် စားသောက်ဆိုင်ပိုင်ရှင်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

“မြိတ်မြို့ဟာ ခရီးသွားဧည့်သည်တွေ အများကြီးလာတဲ့မြို့ဖြစ်တယ်။ အဲဒီအတွက် မြိတ်မြို့မှာ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းကို စဉ်ဆက်မပြတ်ကြိုးစားနေပါတယ်။ မြိတ်မြို့မှာရှိတဲ့အမှိုက်ကို အစို အခြောက်ခွဲခြားပြီး ပစ်နိုင်ရန် စာသင်ကျောင်းများတွင် ကလေးများကို ပညာပေး ဆောင်ရွက်ခဲ့တယ်။ ဒီနေ့ အစည်းအဝေးက စားသောက်ဆိုင်တွေမှာ အမှိုက်စို အမှိုက်ခြောက်ပုံးတွေကို သီးခြားခွဲထား ဆောင်ရွက်ပေးဖို့ ဖြစ်တယ်။  ဒါမှလည်း ကလေးတွေလည်းပညာပေးတယ်။ လူကြီးတွေလည်း အသိပေးတယ်။ ဆိုင်တွေလည်း စနစ်တကျ လုပ်မယ်ဆိုခြင်းအားဖြင့် မြိတ်မြို့မှာရှိတဲ့ အမှိုက်ကို အရင်ကထက် ရှင်းလာ မယ်လို့ယုံကြည်တယ်။ မြိတ်မြို့သူ မြို့သားတွေကို သန့်ရှင်းသန့်ရပ်လှပတဲ့ မြို့တော်သွားချင်တာ ဖြစ်တဲ့ အတွက် အမှိုက်စို အမှိုက်ခြောက်ခွဲခြားပစ်တဲ့ စနစ်တခုကို အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန်  တိုက်တွန်းပြောကြားလိုပါတယ်” ဟု စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

စားသောက်ဆိုင်များတွင် အမှိုက်စိုနှင့်အမှိုက်ခြောက် ခွဲခြားပစ်ရန် အမှိုက်ပုံးသတ်မှတ်ချက်လုပ်ကြရန် ဆွေးနွေးခဲ့ပြီး စည်ပင်သာယာရေးကော်မတီမှ အမှိုက်စိုကို ပုံးအမည်းရောင်၊ အမှိုက်ခြောက်ကို အနီရောင် သတ်မှတ်သည့်စတေကာများကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များတွင် အမှိုက်စို အမှိုက်ခြောက် ခွဲခြားပစ်ရန် အမှိုက်ပုံးသတ်မှတ်ချက်များထားရှိမှုအား မတ်လ(၁)ရက်နေ့တွင် စည်ပင်သာယာရေး ကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့ ကွင်းဆင်းစစ်ဆေးပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွင် မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)