ဟင်္သာတ ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လက်သမားရပ်ကွက် ဦးအောင်လှလမ်းတွင် ယမန်နေ့ည ၈ နာရီ မိနစ် ၄၀ ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒေါ်ညိုညိုပိုင်ဆိုင်သည့် သွပ်မိုး၊ ပျဉ်ကာ နစ်ထပ်အိမ် အပေါ်ထပ် အိပ်ခန်းအတွင်းမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေပြည်သူများ၊ ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် နေအိမ်တွင် လက်ဖက်စို၊ လက်ဖက်ခြောက်နှင့် အကြော်စုံ ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်း လုပ်ကိုင်ကြောင်းသိရပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်း အရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကျော်ကျော်၊ဇော်ဝင်းဟန်(ခရိုင်ပြန်/ဆက်)