ပုသိမ် ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဆေးဝါးဥပဒေနှင့် ဆေးဝါးရောင်းချမှုဆိုင်ရာ ကျင့်စဉ်ကောင်းများအကြောင်း ပညာပေးဆွေးနွေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေဦးစွာ ဧရာဝတီ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး ဒေါ်နီနီဇော်(ဆေးဝါး) က ကောင်းမွန်သောဆေးဝါးရောင်ချမှု ကျင့်စဉ်ကောင်းများ အကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ပြည့်ဖြိုး က အမျိုးသားဆေးဝါး ဥပဒေ အကြောင်းကိုလည်းကောင်း ဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက် လာကြသော ဆေးဆိုင်ပိုင်ရှင်များက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမြင့်သူက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ပြည်ဖြိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပုသိမ်မြို့ ပေါ်ရှိ ဆေးဆိုင်များမှ ဆေးဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။
မောင်မောင်မြင့်(ပြန်/ဆက်)