လားရှိုး မတ် ၁၃
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန်အတွက် နွေရာသီကွန်ပျူတာ(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ ကွန်ပျူတာသင်တန်းခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ကွန်ပျူတာအခြေခံသင်တန်းကို လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြင်ပသင်တန်းများတွင် သွားရောက်သင်ကြားရန် အခက်အခဲရှိနေသူများကို အခမဲ့သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန၌ အခမဲ့ အသုံးပြုနိုင်သည့် ပြည်သူ့စာကြည့်တိုက်၊ ဘက်စုံသုံးခန်းမ၊ အားကစားခန်းမ၊ သင်တန်းခန်းမ၊ ဆွေးနွေးပွဲခန်းမ၊ ကွန်ပျူတာသင်တန်းခန်းမ၊ ကလေးငယ်များအတွက် ကလေးစာဖတ်ခန်းများတွင် ဆောင်ရွက်ထားရှိမှုများ၊ လူထုအခြေပြုဗဟိုဌာန(Community Centre – Lashio)တွင် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများအကြောင်း ရှင်းလင်းပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းတွင် လိုက်နာရမည့်စည်းကမ်းများနှင့် သင်ခန်းစာများကို သင်ကြားပို့ချကြမည့် နည်းပြ ဆရာ၊ ဆရာမများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကွန်ပျူတာသင်တန်းကို ဦးဆောင်သင်ကြားမည့် ဦးထက်မြတ်စိုး(ရွှေပြည့်အိမ်)က သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာ(အခြေခံ)ပညာသင်တန်း (၁/၂၀၂၄)သို့ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် Microsoft Paint ၊ Microsoft Word ၊ Microsoft Excel ၊ Microsoft Power Point နှင့် Photoshop သင်ခန်းစာများကို အခြေခံမှ စတင်ကာ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)