ကျောက်ပန်းတောင်းပြန်/ဆက်တွင် (COVID -19)ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်

ကျောက်ပန်းတောင်း မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ ရုံးရှေ့မြေစိုက်ဘုတ်တွင် ပညာပေးစာစောင်များကပ်ခြင်းနှင့် စာကြည့်တိုက်လာသူများ လက်သန့်စင်မှုပြုလုပ်နိုင်စေရန် လက်ဆေးရေများကိုလည်း အဆင်သင့်ထားရှိပေးထားကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ကူးစက်ရောဂါဖြစ်ပွားမှုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ကပ်ရောဂါအသွင်ဖြစ်ပွားလျက်ရှိကြောင်းနှင့် နိုင်ငံတိုင်းရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းထားပြီးဖြစ်ရာ၊ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူ မတွေ့ရှိ ရသေးသော်လည်း၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများပြန်လည်ဝင်ရောက်လာနေပြီဖြစ်သဖြင့် ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ဆောင်ရွက်ကြရမည်ဖြစ်သဖြင့်၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိမိတို့ ဌာန၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်သူများအားအသိပညာပေးခြင်းလုပ်ငန်းတစ်ခုအဖြစ်၊ အဆုတ်ရောင်ကူးစက်ရောဂါဆိုင်ရာပညာပေးစာစောင်များကို အများပြည်သူများမြင်သာ၍ စိတ်ဝင်စားမှုရှိအောင် မြေစိုက်ဘုတ်တွင် ကပ်ထားရာ၊ ပြည်သူများ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာလျှက်ရှိပြီး၊ မြို့နယ်ပြန်/ဆက် ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း ပြည်သူများသိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပေးလျက်ရှိသည်။ ထို့အပြင် ပြန်/ဆက်ဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သည့် စာဖတ်/စာငှားပရိတ်သတ်များအတွက် ကျန်းမာရေးအထောက်အကူဖြစ်စေရန်အတွက်၊ လက်သန့်စင်မှုပြုလုပ်နိုင်စေရန် ရုံးရှေ့တွင် လက်ဆေးရေနှင့် လက်ဆေးဆပ်ပြာရည်များ အဆင်သင့်ပြုလုပ်ပေးထားကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)