လိုင်လင်းပီ နိုဝင်ဘာ ၄
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံတိုက်ကြွေးပေးခြင်းကို ကျေးလက်ကျန်းမာရေးဌာန၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျန်းမာရေး ဝန်ထမ်းများမှ ထိုးနှံပေးကြသည်။
ကာကွယ်ဆေးများ ထိုးနှံရာတွင် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယိုကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများ တိုက်ကြွေးထိုးနှံပေးခြင်း ကိုယ်အလေးချိန်တိုင်းတာ ပေးခြင်းများ ဆောင်ရွက် ပေးကြပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး ကြကြောင်း သိရသည်။
ယနေ့ဆောင်ရွက်သည့် ကာကွယ်ဆေး တိုက်ကြွေးထိုးနှံခြင်း၌ အမှတ်(၁)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ်များ(၄၂)ဦးကို ထိုးနှံတိုက်ကြွေးပေးခဲ့ကြခြင်းဖြစ်ပြီး ယမန်နေ့၌လည်း အမှတ်(၂) ရပ်ကွက်မှ (၂၅)ဦးကို ထိုးနှံတိုက်ကြွေးပေးခဲ့ကြကာ ယခုလအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကြွေးခြင်း၌ မြို့ပေါ် ရပ်ကွက်(၂)ခုရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ် စုစုပေါင်း(၆၇)ဦးကို တိုက်ကာထိုးနှံပြီး ကြကြောင်း ကျေးလက် ကျန်းမာရေးဌာနမှ သိရသည်။
ယာကမ် (ပြန်/ဆက်)