ကျီခါးမြို့ပေါ်ရှိ အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင် သက်ကြီးဘိုးဘွားများ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ ကြိုတင်ဆန္ဒမဲများပေး

ကျီခါး  နို၀င်ဘာ ၄

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသော အသက်(၆၀)နှစ် အထက် မဲဆန္ဒရှင်သက်ကြီး ဘိုးဘွားများ ယနေ့နံနက် ၁၀ နာရီအချိန်က ကျီခါးမြို့ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌  ကြိုတင်ဆန္ဒမဲများ လာရောက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒမဲများပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်နှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်စေခြင်းနှင့် သတ်မှတ်ကွာအဝေးမှ စောင့်ဆိုင်းစေခြင်းဖြင့် စီစဉ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးချို့တဲ့သည့် သက်ကြီးဘိုးဘွားများနှင့် ကိုယ်တိုင်လာရောက်မဲပေးရန် အခက်အခဲရှိသည့် အဘိုး အဘွားများ မဲပေးခွင့်မဆုံးရှုံးစေဘဲ ဆန္ဒမဲများပေးနိုင်ရေးအတွက် တာ၀န်ရှိသူများက အိမ်တိုင်ရာအရောက် လိုက်လံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျီခါးမြို့၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသော အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်သက်ကြီးဘိုးဘွား (၁၅၇)ဦးရှိကြောင်း ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)