မန္တလေး မတ် ၁၆
ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာစကားပြောအခြေခံရရှိစေရန်၊ သင်တန်းမစမီ အချိန်တွင် စာအုပ်စာပေများကိုဖတ်ရှု၍ စာပေဗဟုသုတရရှိစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် အခြေခံအင်္ဂလိပ်စာသင်တန်း(အခမဲ့)ကို မတ်လ ၁၄ ရက်န့ နံနက်(၁၀)နာရီ၌ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာတွင် လူငယ်မောင်မယ်များအတွက် နွေရာသီကျောင်းပိတ်ရက်များကို တန်ဖိုးရှိစွာဖြတ်သန်းစေလိုပါကြောင်း၊ အားလပ်ချိန်များကို အသိပညာ၊ အတတ်ပညာများ ဆည်းပူးလေ့ကျင့်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အခြေခံပန်းချီပညာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးပြီး အခြေခံကဗျာရေးနည်းသင်တန်း၊ စာစီစာကုံးရေးသားနည်းသင်တန်းနှင့် အခြေခံကွန်ပျုတာသင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းကို (၁၄-၃-၂၀၂၄)မှ (၂၁-၃-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)