အင်္ဂပူ ဖေဖော်ဝါရီ ၂၅
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကညွှတ်ကွင်းကျေးရွာအုပ်စု၊ ကညွှတ်ကွင်းကျေးရွာ၊ ရာတနာသိဒ္ဓဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲနှင့် အဆုတ်ရောင်ရောဂါ(COVID-19) အကြောင်း အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟမှ တွေ့ဆုံပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ တစ်ဦးချင်းမိတ်ဆက် စကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများမှ ကျောင်းဆောင်အသစ် ဆောက်လုပ်နိုင်ရေး၊ သင်္ချိုင်းမြေနေရာ သတ်မှတ်ပေးနိုင်ရေး၊ ကျေးလက်လမ်းအဆင့်မြှင့်တင်နိုင်ရေးနှင့် မြေလွတ်မြေရိုင်း လျှောက်ထားမှုနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာဌာနများမှတာဝန်ရှသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲဝင်းက မှုခင်းကျဆင်းရေးအတွက် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အဆုတ်ရောင်ရောဂါ (COVID-19) အကြောင်းကို ကျန်းမာရေးမှူး ဦးဌေးအောင်က ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ပြည်သူများ၏ မေးမြန်းမှုများကို ကျန်းမာရေးမှူး အဆင့်(၁) ဦးအောင်နိုင်ဦးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကညွှတ်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများ စုစုပေါင်းအင်အား(၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ဌာနဆိုင်ရာနှင့်ပြည်သူများ ရင်းနှီးမှုရရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်သည်များကို ပြည်သူများမှ ရင်းနှီးပွင့်လင်းစွာ တင်ပြနိုင်ရေးအတွက် တွေ့ဆုံပွဲများကို လစဉ် ပြုလုပ်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မန်းကျော် (ပြန်/ဆက်)