ပျဉ်းမနား မတ် ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးရှိစေမည့် ကာယ၊ ဉာဏဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းများ၊ ဟောပြောဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိပါကြောင်း၊ ယခုသင်တန်းသည်လည်း နွေရာသီကျောင်းပိတ်ကာလတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အင်္ဂလိပ်စာအခြေခံ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာအုပ်များ ခင်ကျင်းပြသထားမှုများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းအား မတ်လ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ သင်တန်းသား ၃၀ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)