တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

တံတားဦး  မတ် ၁၈

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို အဆိုပါရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပေးခဲ့ကြောင်းသိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား/သူများအနေဖြင့်  အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ အသိပညာဗဟုသုတများနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အများရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ပေါ်ပေါက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲ ၊ ပြပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား/သူများအား ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ကျောင်းသား/သူ (၂၀)ဦးက မိမိလေ့လာမှတ်သားထားသည့် ကဗျာများ၊ ပုံပြင်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအပြီးတွင် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)