ဇမ္ဗူသီရိ မတ် ၁၉
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေး ဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ကောင်းစံသာ(ရေကြည်) ရေးသားသည့် လူငယ်တွေဖတ်ဖို့ စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန် ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေးရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာ၊ ဆရာမများဖြစ်သော ဦးစောဦး (စျာန်စွမ်းအင်)၊ ဦးမောင်မောင်တာ (သဘာဝ)၊ ဦးကျော်ဇော် (မောင်ကျော်ဇော်-ရှင်မတောင်နံ့သာမြေ)၊ ဦးဌေးဦး (နွေးဦးကိုကို-နေပြည်တော်)၊ ဦးကျော်စိုး (ရွှေပြည်စိုး-မိုးကုတ်)၊ ဦးခင်ဇော် (ခင်ဇော်-မင်္ဂလာ)၊ ဦးလင်းထဋ် (ပျဉ်းမနား)၊ ဒေါ်နှင်းနှင်းလွင် (လုံမငယ်-လူမှု)၊ ဒေါ်လှကြည် (ဒီရာ-စွမ်းအင်) နှင့် အခြားသော စာပေဝါသနာရှင်များက စာရေးဆရာ ကောင်းစံသာ(ရေကြည်) ရေးသားသည့် လူငယ်တွေဖတ်ဖို့ စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာ အချက်အလက်များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့်ယှဉ်ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)