မိုင်းယု မတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မောင်ကျေးဇူးရေးသားသည့် “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာက လူငယ်များသည် တိုင်းပြည်အနာဂတ်အတွက် အင်အားများဖြစ်ကြောင်း၊ မူးယစ်ဆေးကို ဝေးဝေးရှောင်ပြီး မိမိဘဝအောင်မြင်ရေးတို့အတွက် စာပေကို ဖတ်ရှုသင့်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ထို့နောက် Book Club အသင်းဝင် ဦးမျိုးထိုက်က “ပညာရှားပါးလူ့ဘိန်းစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်က “မူးယစ်ဆေးကိုတိုက်ဖျက်ကြ၊ အသက်ရှည်ဖို့အဓိက” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြပြီး တက်ရောက်ကြလာသည့် အသင်းဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ပြသရာ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အားချာ