ထားဝယ် မတ် ၂၁
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပန်းချီပညာရှင်များအသင်းတို့ ပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက် ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက် ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများ မြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ကျောင်းနေအရွယ်ကလေးငယ်များ ငယ်ရွယ်စဉ်မှစတင်ပြီး အခြေခံပန်းချီပညာကို တတ်မြောက်ထားရှိပြီး ပြိုင်ပွဲများတွင် ထူးချွန်စွာပါဝင်ယှဉ်ပြိုင်နိုင်ရန်၊ ကျောင်းပညာရေးအတွက် အထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် ပထမအရွယ်တွင် ပညာရှာ၊ ဒုတိယအရွယ်တွင် စီးပွားရှာ၊ တတိယအရွယ်တွင် တရားရှာဆိုသည့်လောကနီတိတရားနှင့်အညီ ပထမအရွယ်တွင် အသိပညာ၊ အတတ်ပညာများကို ဆည်းပူးလေ့လာရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ပန်းချီပညာရှင်ဦးလှရွှေနှင့် ပန်းချီပညာရှင်များက အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူ (၃၅)ဦးအား အခြေခံပန်းချီများတွင်ပါရှိရမည့် မျဉ်းရေးဆွဲရမည့်နည်းများအကြောင်း၊ ပုံစံနှင့် ထုထည်များအကြောင်း၊ အလင်းအမှောင်နှင့်အရောင်မျိုးစုံခွဲခြား ရေးဆွဲရမည့်နည်းများ အကြောင်းကို ဧပြီ ၁၁ ရက်နေ့ အထိလေ့ကျင့်သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း နှင့်သင်တန်းကာလမှာရက်သတ္တပတ်(၃)ပတ်ကြာသင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)