သပိတ်ကျင်း မတ် ၂၁
နွေရာသီအားလပ်ရက် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ယူတတ်မြောက်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ နွေရာသီ အခြေခံချည်ထိုးနည်း(အခမဲ့) သင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက မိမိတို့ဌာနတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို လူငယ်လူရွယ်များ အတွက်လည်း တတ်မြောက်ထားသင့်သည့် အကြောင်းအရာများကို ရွေးချယ်ကာ သင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေနေများ၊ ယနေ့အချိန်တွင် နွေရာသီကာလသည် အားလပ်ရက်ဖြစ်သောကြောင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာစေရန် ရည်ရွယ်ဖွင့်လှစ်ကြောင်း ပြောကြားခဲ့သည်။
နွေရာသီအခြေခံချည်ထိုးနည်းသင်တန်းကို နည်းပြဆရာအဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အငယ်တန်းစာရေး ဒေါ်ယဥ်နီလာအေးက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအား မတ်လ(၂၀)ရက်နေ့မှ(၂၂)ရက်နေ့အထိ နေ့စဥ်နံနက်( ၉)နာရီမှညနေ (၄)နာရီအထိ( ၃)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)