တံတားဦး မတ် ၂၁
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုမောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်ဓာတ်ပုံပြဘုတ်တို့ကို စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် လူငယ်များအသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန် ပြည့်ဝလာစေရန်အတွက် ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ သိရသည်။
ရဲတင့်(ပြန်/ဆက်)