ထားဝယ် မတ် ၂၁
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်၊ အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများကို စိစစ်ဖော်ထုတ်၍ ဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ဖယ်ရှားကုစားရန်၊ အခမဲ့ကျောင်းပညာရေးနှင့် သက်မွေးပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်၍ သင့်လျော်ကောင်းမွန်သည့်အလုပ်အကိုင် ရရှိသည်အထိ ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားရရှိနိုင်ရေး အတွက် တက်ရောက်လာကြသူများ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)