ငါန်းဇွန် မတ် ၂၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေ ပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင် ဗဟုသုတ တိုးပွားစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် မမို့မို့စံက “အလုပ်ဆိုတာ အင်အားပါ” ခေါင်းစဉ်ဖြင့် မိမိကိုယ်ကို တည်ဆောက်ဖို့အတွက် မိမိဘဝကို ခိုင်ခံ့စွာ တည်ဆောက်ဖို့အတွက် အလိုအပ်ဆုံး အင်အားသာဖြစ်ကြောင်း၊ အလုပ်ထဲမှာ စိတ်နှစ်ထားသည့်အတွက် မကောင်းသောအတွေး၊ မကောင်းသောအကြံများ မဝင်အောင် တားဆီးနိုင်ပါကြောင်း၊ အလုပ်လုပ်ရင်းက မိမိဟာ အရင်ထက်ပိုပြီးပြည့်ဝလာတာ၊ စိတ်ဓာတ်ခိုင်မာလာတာကို ခံစားရတဲ့အတွက် ကိုယ်ရည်ကိုယ်သွေး ပိုမိုတက်လာပါကြောင်း၊ အမြင့် အနိမ့် အတက်အကျ စုံလင်တဲ့ဘဝမျိုးကို ရင်ဆိုင်ပြီး မိမိကိုယ်ကိုထိန်းနိုင်မှ အင်အား တကယ်ပြည့်လာနိုင်ပါကြောင်းကိုလည်းကောင်း၊ မအင်ကြင်းလှိုင်က “အလုပ်တွင်အောင် လုပ်ချင်လျှင် စိတ် ကိုအေးအေးထားနိုင်ပါစေ” ခေါင်းစဉ်ဖြင့် ပူလောင်တတ်တဲ့စိတ်ကို အလုပ်တစ်ခု ထပ်လုပ်လိုက်ခြင်းအားဖြင့် ဖြေဖျောက်လို့ ရနိုင်ကြောင်း၊ စိတ်သောကရောက်ချိန်တွင် စိတ်အေးချမ်းအောင် စာဖတ်ခြင်း၊ ရတနာသုံးပါးနှင့် ပတ်သက်သည့် တရားစာအုပ်များကို ဖတ်ခြင်း၊ နာကြားခြင်းတို့ဖြင့် ထိန်းချုပ်သင့်ပါကြောင်း၊ ကောင်းတဲ့ အလုပ်ကို မလုပ်နိုင်လေလေ ဘဝဟာ တန်ဖိုးနိမ့်ကျလာလေလေ၊ အမှားများလာလေလေ ဖြစ်ကြောင်းကို လည်းကောင်း၊ မအိအိခိုင်က “အိုသော်လည်း အပယ်မခံရအောင် အလုပ်ကို ဇွဲခတ်၍လုပ်ပါ” ခေါင်းစဉ်ဖြင့် ငယ်ဘဝနဲ့ အိုလာတဲ့ဘဝ မတူနိုင်ပေမယ့် ဘဝအဆစ်အပိုင်းတိုင်းမှာ သူ့နေရာနဲ့သူ အားသာချက်များရှိပါကြောင်း၊ ကြီးလာတဲ့သူများရဲ့ ဘဝမှာ အားသာတဲ့အချက်မှာ အတွေ့အကြုံရှိပြီးသားဖြစ်ကြောင်း၊ အိုသောသူများ၏ အားသာချက်သာမှာ အတွေ့အကြုံထဲက အမှားများကို သင်ခန်းစာယူပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် အိုသောသူများအနေဖြင့် ဘယ်သူကပဲပယ်ပယ် ကိုယ့်ကိုယ်ကိုမပယ်ဘဲ ကိုယ့်ကိုယ်ကို အသုံးကျအောင် နေကြရန်ကိုလည်းကောင်း “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)