ချီဖွေ နိုဝင်ဘာ ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို ကော်မရှင်ရုံးများတွင် လာရောက်ထည့်ရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များ၏ ကြိုတင် ဆန္ဒမဲများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်များထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ထည့်နိုင်ရန်အတွက် ကွင်းဆင်းကောက်ခံ ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ကြိုတင်ဆန္ဒမဲများ ကွင်းဆင်းကောက်ခံဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲများကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင် ရုံးများတွင် လာရောက် ထည့်ရန်အတွက် အခက်အခဲရှိသည့် အသက် (၆၀) နှစ်နှင့် အထက်ရှိသည့် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်များနှင့်အညီ ကွင်းဆင်းကောက်ခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်တွင် ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်/ကျေးရွာ အုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၅) ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ချီဖွေမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက်ရှိသည့် မဲဆန္ဒရှင် စုစုပေါင်း (၁၀၅၉) ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)