ပုဗ္ဗသီရိ မတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်ကျင်းပသည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အိုးနင်းခွက်နင်းဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အိုးနင်းခွက်နင်းဂိမ်းကစားပြိုင်ပွဲများတွင် ဖိတ်ခေါ်ထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ မိသားစု ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းအေး၊ ဆရာဦးနိုင်ဝင်းထွန်းနှင့် ဆရာမ ဒေါ်အေးအေးနွယ်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား တက်ရောက်လာသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)