ရွှေကူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရွှေကူ  နိုဝင်ဘာ  ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ရွှေကူမြို့ မြို့မအရှေ့ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ရွှေကူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မမ က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးများမှ မဲပေးခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအတိုင်း လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဝင်းစန္ဒာ က မဲဆန္ဒရှင်များ မဲရုံသို့လာရောက်၍ မဲပေးသည့်အခါ မဲရုံပြင်ပ၌ စောင့်ဆိုင်းနေစဉ် လည်းကောင်း၊ မဲရုံနယ်မြေအတွင်း တန်းစီနေစဉ်လည်းကောင်း ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် မဲရုံအဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက် ရမည့် လုပ်ငန်းများ၊ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရွှေကူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မမနှင့် တာဝန်ရှိသူများ၊ မဲရုံတာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူးများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ရွှေကူ)