လားရှိုး မတ်လ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဦးစီးဌာနလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရာထမ်း၊ အမှုထမ်းများ၏ တစ်ဦးချင်း အရည်အသွေး တိုးတက်မြင့်မားလာစေရေး၊ ရုံးလုပ်ငန်းကျွမ်းကျင်မှုရှိစေရေး၊ သတင်းပြန်ကြားရေးလုပ်ငန်းများ၊ ပြည်သူ့ဆက်ဆံရေးအသိပညာပေးလုပ်ငန်းများ၊ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး၊ မိမိတို့ဒေသအတွင်း နေ့စဉ်ဖြစ်ပေါ်နေသော ထူးခြားဖြစ်စဉ်သတင်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်သတင်းများ ရေးသားဖော်ပြရာတွင် အဆင်ပြေချောမွေ့စွာ ဖော်ပြနိုင်ရေး၊ သတင်းမီဒီယာကျင့်ဝတ်များအား သိရှိနားလည်နိုင်ရေးတို့အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က သတင်းရေးသားနည်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို လူထုအခြေပြုဗဟိုဌာန (လားရှိုး)ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်တန်းစည်းကမ်းများကို ရှင်းလင်း ပြောကြာသည်။
အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ လားရှိုးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ လားရှိုးခရိုင်နှင့် မြို့နယ်ရုံးများမှ ဝန်ထမ်း ၁၀ ဦးတက်ရောက်မည်ဖြစ်ပြီး မတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ သတင်းရေးသားနည်းသင်ခန်းစာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)