ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး

လေးမျက်နှာ ဖေဖော်ဝါရီ ၂၅

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့ဝင်များအား အသိပညာပေး ဟောပြောပွဲကို  ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲကို မြို့နယ် ကုသ/ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အသိပညာပေး ဟောပြောပွဲတွင် မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကုသ/ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစုစုလှိုင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့်ပတ်သက်၍ ရောဂါအမျိုးအစား၊ ရောဂါကူး စက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ် ဖွယ်လက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှု အခြေအနေတို့ကို မီးသတ်တပ်ဖွဲ့ဝင်များအား  အသိပညာ‌ပေး မျှဝေဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူး ဦးမျိုးကျော်သူထွန်းက "ကျွန်တော်တို့ကျန်းမာရေး ဦးစီးဌာနအနေနဲ့ မြို့နယ်သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းတွေ  ဆက်လက် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်း‌တွေ၊ ကားမှတ်တိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ လူစည်ကားတဲ့ နေရာမျိုးတွေမှာ လည်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါရဲ့အခြေအနေ၊ အမျိုးအစား၊ ကူးစက်တတ်ပုံ၊ ကာကွယ်ရေးနည်း လမ်းတွေကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ဖို့၊ ဒီအသိပညာတွေကို ဆင့်ပွားဖြန့်ဝေနိုင်ကြဖို့ ရည်ရွယ်ပြီး အခုလိုမျိုး အသိပညာပေး ဟောပြော ဆွေးနွေးမှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်" ဟု ပြောသည်။  

ယင်းနောက် မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ဇင်မာဝေက တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အရေးကြီးသော စနစ်တကျလက်ဆေးခြင်းနှင့် နှာခေါင်း/ပါးစပ်စည်း (mask) စနစ်တကျ အသုံးပြုပုံ နည်းလမ်း များအား သရုပ်ပြ လေ့ကျင့်ပေးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် (mask) များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)