ကျီခါးမြို့၌ အသက်(၆၀)နှစ်အထက် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေး

ကျီခါး    နို၀င်ဘာ   ၅

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ ပြည့်နှစ်၊နို၀င်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ အောက်တိုဘာလ (၂၉)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာရပ်ကွက်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိရာ ယနေ့ နံနက် (၇)နာရီအချိန်တွင် ကျီခါးမြို့ပေါ်ရှိ မဲရုံသို့ကိုယ်တိုင် သွားရောက် ဆန္ဒမဲပေးရန်အခက်အခဲရှိသော အသက်(၆၀) နှစ်အထက် မဲန္ဒရှင်သက်ကြီး ဘိုးဘွားများ ဆန္ဒမဲပေးနိုင်ရေးအတွက်တာ၀န်ရှိသူများက အိမ်တိုင်ရာရောက်လိုက်လံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျီခါးမြို့ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များနှင့် မဲရုံအဖွဲ့၀င်များပူးပေါင်းပြီး မဲရုံသို့ကိုယ်တိုင် သွား‌ရောက်ဆန္ဒမဲပေးရန် အခက်အခဲရှိ‌သော အဘိုးအဘွားများ၊ ကျန်းမာရေးချို့တဲ့‌သော အဘိုးအဘွား များနှင့် မသွားလာနိုင်သော အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင်သက်ကြီးဘိုးဘွားများ မဲပေးခွင့် မဆုံးရှုံး‌စေရန် အတွက် ကျီခါးမြို့ပေါ်ရပ်ကွက်( ၂ ) ခုရှိအဘိုးအဘွားများထံသွား ရောက်၍ ဆန္ဒမဲများပေးနိုင်ရေး အိမ်တိုင်ရာအရောက်လိုက်လံ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ကျီခါးမြို့၌ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသော အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်သက်ကြီးဘိုဘွားများ အမှတ်(၁)ရပ်ကွက် တွင်(၇၄)ဦး၊ အမှတ်(၂)ရပ်ကွက်တွင် (၈၃)ဦး စုစုပေါင်း (၁၅၇)ဦးရှိကြောင်းနှင့် လက်ရှိချိန်အထိ ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသော သက်ကြီးဘိုးဘွား(၈၇)ဦး ဆန္ဒမဲပေးပြီးဖြစ်ကြောင်း ကျီခါးမြို့ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

 ဆလိုင်းလိန်းမာန်(ပြန်/ဆက်)