ခိုင်ကမ်း နိုဝင်ဘာ ၅
ချင်းပြည်နယ် ဖလမ်းခရိုင် ခိုင်ကမ်းမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျ ရောက်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ မသန်စွမ်းသူများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲများ ကောက်ခံလျက် ရှိပါသည်။
သို့ဖြစ်ရာ ခိုင်ကမ်းမြို့တွင် သတ်မှတ်ထားသည့် မဲရုံများသို့ ကြိုတင်ဆန္ဒမဲပေးရန် လာရောက်ရန် ခက်ခဲသည့် သက်ကြီးရွယ်အို၊ နာမကျန်းသူနှင့် မသန်စွမ်းသူများထံသို့ ယနေ့ နံနက်ပိုင်းမှ စ၍မဲရုံမှူး နှင့်မဲရုံအဖွဲ့ဝင်များမှ ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်အတွင်း တစ်အိမ်တက် ဆင်းကောက်ယူခဲ့ကြောင်း သိရှိရပါသည်။
အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ယူဆောင်ရွက်ရာတွင် နာမကျန်းသူများ သက်ကြီး ဖိုးဖွားများ မီးဖွားနေသူများနှင့် မသန်စွမ်းသူများကို မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ သွားရောက် ကောက်ယူခဲ့ခြင်းဖြစ်ပြီး ခိုင်ကမ်းမြို့ ရပ်ကွက်လေးခု အတွင်း အိမ်တိုင်ရာရောက် ကောက်ခံသည့် မဲဆန္ဒရှင် (၁၃၀ ) ဦးရှိကြောင်း သိရှိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)