ရမည်းသင်း ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အားလပ်ရက်များအတွင်း ကျောင်းသားလူငယ်များ အကျိုးရှိစေရန် လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရေး အသိပညာပေးခြင်းနှင့် အားလပ်ရက်များ၌ အကျိုးရှိစေရန် ပြည်သူ့စာကြည့်တိုက်ရှိ စာပေဖတ်ရှုကြရန် ရှင်းလင်း ပြောကြားပြီး ဆရာဦးဝင်းရွှေ (ပညာရေး) (ငြိမ်း)မှ လူငယ်နှင့် ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်ဟောပြောရာ အိမ်၌ယဉ်ကျေးခြင်း၊ ကျောင်း၌ယဉ်ကျေးခြင်း၊ လမ်း၌ယဉ်ကျေးခြင်း၊ ကစားစဉ်၌ ယဉ်ကျေးခြင်း၊ ခရီးသွားစဉ်၌ ယဉ်ကျေးခြင်းနှင့် အထွေထွေ ယဉ်ကျေးခြင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်း ကျောင်းသား၊ ကျောင်းသူ လေးများကို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များနှင့် သုတ၊ ရသ၊ ရုပ်ပြ စာအုပ်မျိုးစုံတို့ကိုပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)