ကျောက်ဆည် ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁)နာရီက စာဖတ်ရှိန်မြင့်မားရေး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်တင်တင်ထွေး လက်ထောက် ညွှန်ကြားရေးမှူးမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတပိုမိုရရှိစေမည့် စာအုပ်စာပေများကို စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပစာပေများ ဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များ ပိုမိုရရှိစေရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့် စိတ်များဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီးထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် လူငယ်များဖြစ်လာစေရန်ရည်ရွယ်ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပြောစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်ပြီး စာဖတ်စွမ်းရည်ပြိုင်နှင့် စကားပြောစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်သား/ကျောင်းသူ (၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးမှ အမှတ်အရလက်ဆောင်ပစ္စည်းများပေး အပ်ခဲ့ကြောင်းသိရသည်။
စုစုအေး(ကျောက်ဆည်)