မြစ်သား ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံမြန်မာ့ရိုးရာခြင်းလုံး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဘိုဘိုအောင်က သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မြန်မာ့ရိုးရာခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်လာစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှု ရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီပေးတတ်မှုရှိစေရန်၊ မြန်မာ့ရိုးရာခြင်းလုံးပညာကို မြတ်နိုးတန်ဖိုးထားတတ်သော မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သော ရိုးရာခြင်းလုံးပညာကိုလည်း ဆက်လက်ထိန်းသိမ်း တတ်စေရန်အတွက် သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းနည်းပြ ဦးအေးချစ်က အခြေခံ မြန်မာ့ရိုးရာခြင်းလုံး သင်ကြားစဉ်ကာလအတွင်း သင်တန်းသားတစ်ဦး ချင်းခတ်ကစားခဲ့သည့် ခြင်းခတ်ကစားခဲ့မှုများ၏ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဘိုဘိုအောင်မှ သင်တန်းသားများ ကိုယ်စားသင်တန်းသား မောင်ရဲမိုးသူအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက သင်တန်းကာလတစ်လျှောက်လုံးအကောင်းဆုံးနှင့် အတိုးတက်ဆုံးသင်တန်းသားအား အမှတ် တရဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းကို မတ်လ (၄)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ သင်တန်းကာလ(၁)လကြာ မြန်မာ့ ရိုးရာခြင်းလုံး အခြေခံထိ(၆)ချက်အပြင် ပြိုင်ပွဲဝင်ခြင်းပေါက်များဖြစ်သော ခြင်းကြီး (၁၀)မျိုး၊ ခြင်းလတ်(၁၀)မျိုး၊ ခေတ်ဆန်းခြင်း (၁၀)မျိုး ခြင်းခတ်ကစားနည်း အခြေခံသဘောတရားများကို သင်တန်းသားတစ်ဦးချင်းစီ သင်ကြားပေးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)