နောင်မွန်မြို့နယ်၌ နိုင်ငံရေးပါတီများနှင့် အထွေထွေညှိနှိုင်း အစည်းအဝေးပြုလုပ်

နောင်မွန်  နိုဝင်ဘာ  ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ  ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် အထွေထွေညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၁) နာရီချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်း အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူ လူထုအနေဖြင့် ကိုယ်စားလှယ်လောင်းတစ်ဦးဦးအား လွတ်လပ်စွာ ဆန္ဒပြုနိုင်ရန်အတွက် နိုဝင်ဘာလ ၆ ရက်နေ့ည ၁၂ နာရီအချိန်မှ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီးသည့်အထိ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းများနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားရမည်ဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ ပိုစတာများကို မဲဆွယ်စည်းရုံးခွင့်ပြုသည့် နောက်ဆုံးရက် နိုဝင်ဘာ ၆ ရက်နေ့ည ၁၂ နာရီ အချိန်ထိ နောက်ဆုံးထား ဖြုတ်သိမ်းပေးရမည်ဖြစ်ကြောင်း၊ သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ/ ပိုစတာများ ဖြုတ်သိမ်းထားခြင်းမရှိပါက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေးဌာန (သို့မဟုတ်) မြို့နယ်စည်ပင် သာယာရေးကော်မတီများနှင့် ညှိနှိုင်း၍ ကြော်ငြာ/ပိုစတာများအား ဖြုတ်သိမ်းသွားစေမည်ဖြစ်ကြောင်း၊ ယင်းသို့ကြော်ငြာ/ပိုစတာ ဖြုတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရသည့် ကုန်ကျစရိတ် ကျသင့်ငွေအား သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်းမှ ပြန်လည်ပေးချေရန် တာဝန်ရှိမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဆန်နိုင်ဆင်ရမ်က ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဇော်မျိုးထွန်းမှ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းများများ၏ ဓာတ်ပုံများနှင့် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ/ပိုစတာများအား ပြန်လည် ဖြုတ်သိမ်းမှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်လည်း ထပ်ဆင့် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကိုယ်စားလှယ်လောင်းများမှ သိရှိသည်ကို မေးမြန်းရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဦးစီးအရာရှိ ဦးအောင်ဇော်ဦးတို့မှ ပြန်လည် ဆွေးနွေးရှင်းလင်းခဲ့ပြီး အစည်းအဝေးကို နေ့လယ် ၁၂နာရီခန့်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မြနန်း(ပြန်/ဆက်)