ပျော်ဘွယ်မြို့နယ်၊ သူဌေးကုန်း ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

ပျော်ဘွယ် မတ် ၆

ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီက သူဌေးကုန်း ပရဟိတဂေဟာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က  မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ ငယ်စဉ်ကတည်းက မူးယစ်ဆေးဝါးမသုံးစွဲမိအောင် ရှောင်ရှားရမည့် အချက်များ၊ အသိပညာ ဗဟုသုတ တိုးပွားရေးအတွက် စာပေဖတ်ရှုရမည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အပြန်အလှန် ရှင်းလင်းဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြသထားသည့် စာအုပ်၊ စာစောင်များကို ပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)