လိုင်လင်းပီမြို့၌ မဲရုံများ မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

လိုင်လင်းပီ     နိုဝင်ဘာ        ၆

ချင်းပြည်နယ်၊   လိုင်လင်းပီမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တည်ငြိမ် အေးချမ်းစွာဆန္ဒမဲ ပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်မြေမီးသတ်စခန်းတာဝန်ခံ လျန်တီလ် ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲ  အချိန်ခန့်ကဆောင်ရွက်ခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာ၌ မြို့မီးသတ်တပ်ဖွဲ့ဝင်များမှမဲဆန္ဒရှင်ပြည်သူများ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲ ပေးနိုင်ရန်အတွက်    ကြိုတင်စီစဉ်ဆောင်ရွက်ထားသော  မဲရုံများအား မီးဘေးအန္တရာယ် ဖြစ်ပွားမှု မရှိစေရန်နှင့် မတော်တဆဖြစ်ပွားမှုများရှိခဲ့ပါက အလွယ်တကူ မီးငြှိမ်းသတ်နိုင်ရန် ကြိုတင်ပြင်ဆင်မှု  အခြေအနေများ၊ မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး ရွေးကောက်ပွဲနေ့ တွင် မဲရုံ၌တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်သရုပ်ပြ ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လိုင်လင်းပီမြို့ပေါ် ရပ်ကွက်နှစ်ခု၌ မဲရုံ(၂)ရုံ ထားရှိသွားကြမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၁၆၆၁)ဦးရှိကြောင်း သိရသည်။

ယာကမ်(ပြန်/ဆက်)