တနိုင်းမြို့တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် မဲပေးပုံ သရုပ်ပြသခြင်း ဆောင်ရွက်

တနိုင်း နိုဝင်ဘာ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်  ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တနိုင်းမြို့နယ် တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို တာဝန်ရှိဌာနဆိုင်ရာများမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းနှင့် မဲပေးပုံ သရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၁၁) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ (မြို့နယ် အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သက်ပိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ဆင်မ်ဆာ့ ရပ်ကွက်၊ အ.ထ.က (၂) ကျောင်းတွင် မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကာ  ပြည်သူများ လာရောက် မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားများနှင့်အညီ စီစဉ်ဆောင်ရွက်ပေးရန်နှင့် လိုအပ်ချက်များ မရှိစေရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအတွင်းတာဝန်ကျသော ဝန်ထမ်းများအား တာဝန်ရှိသူများမှ မှာကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးရာသို့ လိုက်ပါလာသော ဌာနဆိုင်ရာများအား မဲပေးပုံ အဆင့်ဆင့်ကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးနှင့် မဲရုံတာဝန်ကျဝန်ထမ်းမှ သရုပ်ပြသရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တနိုင်းမြို့နယ်တွင် မဲရုံစုစုပေါင်း (၂၃) ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူပေါင်း (၃၄၃၄၉) ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)