အမာမြို့၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ

အမာ မတ် ၂၀

အမာမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါကူးစက်မှု ကာကွယ်နိုင်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေ၍ အသိပညာပေးခဲ့ကြောင်း သိရသည်။

အမာမြို့ကျန်းမာရေးဌာန တာဝန်ရှိသူ ဒေါ်ခင်ဇာခြည်အောင်မှဦးဆောင်ပြီး ကျန်းမာရေးသူနာပြုဆရာမများ စုပေါင်း၍ ယနေ့နံနက်ပိုင်းက အမာမြို့ရပ်ကွက်(၄)ခုရှိ အိမ်ထောင်စုများ၊ စျေးဆိုင်များ၊ စျေးအတွင်းနှင့် ရုံးဌာနများ၊ လမ်းသွားလမ်းလာများအား အသိပညာပေးပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။

ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်သောအားဖြင့် အမာမြို့နယ် ရပ်ကွက်နှင့်ကျေးရွာများအတွင်းသို့ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့စက်များဖြင့် လူစုလူဝေးနှင့်ပြုလုပ်ရသော ပွဲလမ်းသဘင်များ၊ ပြုလုပ်ခြင်းမပြုလုပ်ပါရန် ကြေညာခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားသည့်အတိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား အလေးထား လိုက်နာခြင်းဖြင့် ကူညီပေးကြပါရန် ပြည်သူများအား အသိပညာပေးခဲ့ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)