တီးတိန် နိုဝင်ဘာ ၆
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ မသန်စွမ်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲ လာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများကို ယမန်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဲရုံစောင့်ကြည့်ရေးအဖွဲ့ဝင်များ ပါဝင်သော အဖွဲ့များက မဲရုံသို့လာရောက်ဆန္ဒမဲပေးရန် အခက်အခဲ ရှိသူများအား ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြသည်။
တီးတိန်မြို့ပေါ် (၄)ရပ်ကွက်ရှိ စကောလမ်းရပ်ကွက်တွင် မဲဆန္ဒရှင် (၆၃)ဦး၊မြို့မရပ်ကွက်တွင် (၂၃)ဦး၊ လွယ်ဘွာလ်းရပ်ကွက်တွင် (၃၅)ဦးနှင့် လေးလုမ်းရပ်ကွက်တွင် (၃၂) ဦး၊စုစု ပေါင်း (၁၅၃)ဦးအား ကျန်းမာရေးနှင့်အညီ လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်မည့်အခွင့်အရေးများ ရရှိရန်ကြိုတင်ဆန္ဒမဲများကို အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)