ချီဖွေမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးသူ (၁၁၅၀) ဦး ရှိပြီဖြစ်

 ချီဖွေ  နိုဝင်ဘာလ   ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ချီဖွေမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ယမန်နေ့ နိုဝင်ဘာလ(၅)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူ (၁၁၅၀) ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 ထိုသို့ ဆန္ဒမဲပေးရာတွင် ချီဖွေမြို့နယ်အတွင်း ဆန္ဒမဲပေးနိုင်ရေး မဲရုံ (၄၇) ရုံ ရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၂၉၆၃) ဦးရှိရာ အသက် (၆၀)နှစ် အထက်ပြည်သူ(၄၃၃)ဦးနှင့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် တာဝန်ဖြင့် ခရီးသွားလာမည့် နိုင်ငံဝန်ထမ်းများ၊ မဲရုံအသီးသီးတွင် တာဝန် ထမ်းဆောင်မည့် မဲရုံဝန်ထမ်းများနှင့် ကျန်းမာရေးမကောင်းသူ ဆေးကုသမှုခံယူနေသူ (၇၁၇)ဦးတို့၏ ကြိုတင်ဆန္ဒမဲစာရင်း စုစုပေါင်း(၁၁၅၀) ဦး လာရောက်၍ ကြိုတင် ဆန္ဒမဲ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်ဆောင်ရွက်ထားပြီး မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သူ နာမကျန်းဖြစ်သူ (ဆေးကုသ မှုခံယူနေသူ) ၊ မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေး ခက်ခဲပါက ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သတင်းပေးပို့လျှင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နန်းမြင့်(ပြန်/ဆက်)