မိုးညှင်း နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနေ့တွင် မဲပေးပိုင်ခွင့်ရှိသူများ စနစ်တကျမဲပေးနိုင်ရေးနှင့် မဲပေပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရနိုင်ရေးအတွက် နားခါရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူများအား အိမ်တိုင်ရာရောက် သွားရောက်၍ မဲဆန္ဒရှင်သက်သေခံ ကတ်ပြားများ လိုက်လံဖြန့်ဝေ ပေးခဲ့ကြသည်။
နားခါရပ်ကွက်တွင် မဲရုံ ၁ နှင့် မဲရုံ ၂ တို့ပါဝင်ပြီး မဲရုံ ၁ တွင် မဲဆန္ဒရှင်ပြည်သူ ၂၈၃၂ ဦးရှိပြီး မဲရုံ ၂ တွင် မဲဆန္ဒရှင် ပြည်သူ ၃၀၁၃ ဦး မဲပေးခွင့်ရရှိမည်ဖြစ်ကာ အသက်(၆၀)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ ကြိုတင်ဆန္ဒမဲ ပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ နိုဝင်ဘာလ ၅ ရက်နေ့အထိ နားခါရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် လက်ခံဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကာ ကြိုတင်မဲဆန္ဒရှင် ၉၀၄ ဦးရှိကြောင်း ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ထံမှ သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မိုးညှင်း တစ်မြို့နယ်လုံး အတိုင်းအတာအရ မဲရုံပေါင်း ၁၀၆ ရုံတွင်ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၁၆၀၇၈၃ ဦးရှိကာ လွှတ်တော်သုံးရပ်အတွက် ပါဝင်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၂ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်လောင်းပေါင်း ၃၄ ဦးတို့ ပါဝင်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးမျိုးမင်းဦးထံမှ သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)