တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၅ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဧပြီ ၁၃

မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သော ၁၃၈၅ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၌ ယမန်နေ့ ညနေ ၄ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုနောက် သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များက နေရာယူပြီးနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုက ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ မင်္ဂလာအခါတော် စာတမ်းအား ဖတ်ကြား၍ နှုတ်ခွန်းဆက်သခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ပိုက်ပိုက်အေး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးကြီး အောင်မျိုးထွန်း၊ မြို့မိမြို့ဖ ဦးအောင်ဝင်းတို့က ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တီးဝိုင်းအဖွဲ့နှင့် ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား အတာရေကို သပြေခက်ဖြင့် ရိုးရာမပျက်ရေပက်ဖျန်းခဲ့ကြပြီး ဒေသခံပြည်သူများက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွဲခဲ့ကြရာ လာရောက်ဆင်နွှဲသူများအား အအေး၊ ဖျော်ရည်များဖြင့် ဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ ဒေသခံပြည်သူများအား ထားဝယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ ယိမ်းအကအဖွဲ့များက အကပဒေသာဖြင့်လည်းကောင်း၊ ခေတ်ပေါ်တေးသီချင်းများဖြင့်လည်းကောင်း  သီဆိုကပြဖျော်ဖြေရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က  ဆုငွေများချီးမြင့်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အများပြည်သူတည်ငြိမ်အေးချမ်းစွာ အတာရေကစားနိုင်စေရေးနှင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ရှေးရိုးရာအစဉ်အလာမပျက် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)