ကော့သောင်းမြို့တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်

ကော့သောင်း ဧပြီ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့ညမှ အကြတ်နေ့ညထိ ကော့သောင်းမြို့ရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ယိမ်းအကအဖွဲ့များက (၁) ရက်လျှင် အကအဖွဲ့ (၄) ဖွဲ့ဖြင့် စုစုပေါင်းအကအဖွဲ့ (၁၂) ဖွဲ့မှ (၃) ရက်တာ ယှဉ်ပြိုင်ခဲ့ကြရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယမန်နေ့ သင်္ကြန်အတက်နေ့ည (၇) နာရီခန့်က ကော့သောင်းမြို့ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဆုပေးပွဲတွင် ဦးစွာ အကပြိုင်ပွဲ၌ အကဲဖြတ်အမှတ်ပေးခဲ့ကြသော ဒိုင်လူကြီးမင်းများ အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြပြီး နှစ်သိမ့်ဆုရအကအဖွဲ့များအား ဆုကြေညာ၍ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ပ၊ ဒု၊ တဆုရအဖွဲ့များအား ဆက်‌လက်ကြေညာခဲ့ရာ တတိယဆုကို ပုလုံးတုံတုံးယိမ်းအကအဖွဲ့မှလည်းကောင်း၊ ဒုတိယဆုကို ဘုရင့်နောင်ယိမ်းအဖွဲ့တို့မှ လည်းကောင်း၊ ပထမဆုကို ရွှေဟင်္သာယိမ်းအဖွဲ့မှလည်းကောင်း အသီးသီးရရှိခဲ့ကြပြီး အဆိုပါဆုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီး ချီး မြှင့်ခဲ့ကြသည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ပထမဆုရအကအဖွဲ့မှ ပြိုင်ပွဲဝင်အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆုပေးပွဲအခမ်းအနားပြီးစီးကြောင်း ကြေညာခဲ့ပြီး မန်းတောင်ရိပ်ခို သီချင်းဖြင့် အခမ်းအနားအား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)