သရက်ချောင်း ဧပြီ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အန္တရာယ်ကင်းပရိတ်တရားတော်နာပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ သံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တအာစရနှင့် သံဃာတော်အရှင်သူမြတ် (၁၂)ပါး၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသောရပ်မိ/ရပ်ဖများနှင့် သက်ကြီးဘိုးဘွားများ တက်ရောက်ခဲ့ကြပြီး ဆရာတော်သံဃာတော်များနှင့် တရားနာဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ကြွရောက်လာကြသော ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းနှင့် ဧည့်ပရိတ်အပေါင်းတို့က တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာစရထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် သြဝါဒကထာနာယူပြီးနောက် ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်သူမြတ်အပေါင်းတို့မှ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်တော်မူကြသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ရပ်မိ/ရပ်ဖများမှ ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ သက်ကြီးဘိုးဘွားများအား တက်ရောက်လာသည့် ဧည့်ပရိတ်အပေါင်းတို့မှ ရှိခိုးကန်တော့ပြီးနောက် လှူဖွယ်ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက်သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လမှ တရားတော်ချီးမြှင့်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် တရားနာဧည့်ပရိတ်သတ်အပေါင်းတို့မှ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားရုတ်သိမ်းလိုက်ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)