ဆမီး နိုဝင်ဘာ ၆
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိတိုက်ပွဲရှောင်ပြည်သူများအား အာဟာရမှုန့် ထောက်ပံ့ပေးခြင်းကို ယမန်နေ့က အမှတ်(၂)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အာဟာရမှုန့်များ ထောက်ပံ့ပေးအပ်ရာတွင် ချင်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက်နှင့် ကုလသမ္မဂ္ဂ ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ်၏ အထောက်အပံ့ဖြင့် ပြည်သူ့မျှော်လင့်ချက် လူမှုဖွံ့ဖြိုးရေးအသင်းမှ ဖြန့်ဖြူးကူညီပေးပြီး ၅ နှစ်အောက် ကလေး (၄၆၅)ဦးအတွက် တစ်ဦးလျှင် အာဟာရမှုန့် (3Kg-၂ထုပ်)၊ ကိုယ်ဝန် ဆောင်မိခင် (၃၅) ဦးအတွက် တစ်ဦးလျှင် အာဟာရမှုန့် (3Kg) နှင့် (၆)လအောက် နို့တိုက်မိခင်(၄၅)ဦး အတွက် တစ်ဦးလျှင် အာဟာရမှုန့်((3Kg) စုစုပေါင်း (၅၄၅)ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကလေးငယ်များ အာဟာရပြည့်ဝစေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ရေး၊ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း လိုအပ်သော အာဟာရနှင့် ဗီတာမင်များရရှိပြီး ကျန်းမာစွာ မီးဖွားနိုင်ရေး၊ နို့တိုက်မိခင်များအနေဖြင့် မိခင်နှင့်ကလေးပါ အာဟာရ ပြည့်ဝစေရေးနှင့် ဗီတာမင်ဓာတ်များ ရရှိစေရေးတို့ အတွက် ရည်ရွယ်၍ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြည်သူ့မျှော်လင့်ချက် လူမှုဖွံ့ဖြိုးအသင်းမှ အာဟာရမှုန့် ဖြန့်ဝေမှု တာဝန်ခံ ဒေါ်ဆန်းဒရဲလားက ပြောကြားသည်။
လဲ့လဲ့ခိုင်(ဆမီး)