မဲရုံများအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး

ရေဇွာ      နိုဝင်ဘာ      ၆

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြ မည့် ပြည်သူများအား Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ ရွေးကောက်ပွဲ  ကော်မရှင်များ၊ မဲရုံမှူးများ၊ ဒုမဲရုံမှူးများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရေဇွာမြို့ ကျန်းမာရေး ဆရာ၊မများက သက်ဆိုင်ရာမဲရုံအလိုက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေဇွာမြို့ရပ်ကွက်(၄)ရပ်ကွက်တွင် မဲရုံ(၃)ရုံဖွင့်လှစ်ဆောင်ရွက်ထားပြီး အဆိုပါ မဲရုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များဖြစ်သော မဲရုံအတွင်း လေဝင်လေထွက် ကောင်းမွန်မှု ရှိ/မရှိ၊ မဲရုံတွင် လူထူထပ်မှုမရှိစေရန် အဝင်/အထွက် ဆောင်ရွက်မှုအခြေအနေများ၊ မဲရုံအတွင်း ပါတီကိုယ်စားလှယ်လောင်းများ၊ လေ့လာ သူများ၊ သတင်းမီဒီယာများအား ၆ ပေအကွာဖြင့် ထိုင်ခုံစီစဉ်ပေးမှု အခြေအနေများ၊ လက် ဆေးစင်များနှင့် Hand Gel များ သတ်မှတ်နေရာတွင် ထားရှိမှုအခြေအနေများ၊ ဆန္ဒမဲပေးရန် မဲရုံလာရောက်သူများအား အပူချိန်တိုင်းတာရာတွင် အပူချိန်(၃၈)ဒီဂရီစင်တီ ဂရိထက် မြင့်တက်နေပါက (၁၅) မိနစ်ခန့် စောင့်ကြည့် ခန်းတွင်ထားရှိပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် စောင့်ကြည့်ခန်းထားရှိမှု အခြေအနေများနှင့် မဲရုံတာဝန်ရှိသူများ အသုံးပြုရန် (Mask)များ၊ (Face Shield)များ၊ (Glove) များ ထားရှိမှု အခြေအနေများကို ရေဇွာမြို့ ကျန်းမာရေးဌာနက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)