မန္တလေးမြို့တွင် တရားရုံးသတင်းအချက်အလက် ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မန္တလေး  ဖေဖောဝါရီ  ၂၄

မြန်မာနိုင်ငံမှ သတင်းသမားများအနေဖြင့် တရားရုံး သတင်းမီဒီယာလက်စွဲအပေါ် သိရှိနားလည်ပြီး တရားရုံးများတွင် သတင်းရယူမှု တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ တရားရုံး သတင်း အချက်အလက်ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ဆာကူယာဟိုတယ်တွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တရားဉပဒေစိုးမိုးမှု မြှင့်တင်ရေးအစီအစဉ်-မြန်မာမှ Workshop and Event Manager ဒေါ်ခင်ဝင်းမော်နှင့် Internews မှ နည်းပညာဆိုင်ရာ ဦးဆောင်သူ ကိုဇော်ထိုက် တို့က အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသော သတင်းမီဒီသမားများက အပြန်အလှန်မိတ်ဆက်သည်။ ၎င်းနောက် Internews မှ အကြီးတန်းမီဒီယာနည်းပြ ဒေါ်ဝေမာသိမ့် က တရားရုံး သတင်းအချက်အလက် ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က သတင်း အချက်အလက်ရယူရာတွင် စိန်ခေါ်မှုများနှင့် အခက်အခဲများနှင့်ပတ်သက်၍ လည်းကောင်း၊ GPS အဖွဲ့အစည်းမှ ဒါရိုက်တာ ဦးသွင်လင်းအောင်က အဖွဲ့အစည်းများတွင် သတင်း အချက်အလက်ရယူမှုနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားသည်။ ထို့နောက် ဦးဆောင်ဆွေးနွေးသူများနှင့် တက်ရောက်လာသော သတင်းမီဒီယာသမားများက တရားရုံးသတင်း အချက်အလက် ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေးနှင့် ပတ်သက်၍ အုပ်စုဖွဲ့ ဆွေးနွေးခြင်း၊ ပြန်လည်သုံးသပ် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ တရားရုံး သတင်းအချက်အလက်ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲများကို ပထမအကြိမ်အဖြစ် မော်လမြိုင်မြို့တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ပုသိမ်မြို့တွင်လည်းကောင်း၊ တတိယအကြိမ်အဖြစ် မုံရွာမြို့တွင် လည်းကောင်း အသီးသီးကျင်းပခဲ့ကြောင်း သိရပြီး မန္တလေးမြို့တွင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးအစီအစဉ်-မြန်မာမှ တာဝန်ရှိသူများ၊ Internews မှ တာဝန်ရှိသူများ၊  သတင်းဌာနအသီးသီးမှ သတင်းမီဒီယာသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)